အင်ဆူလင်ဟော်မုန်းအကြောင်း သင်ဘယ်လောက်သိသလဲ
ဆီးချိုရောဂါရှိတဲ့သူတွေနဲ့ မိသားစုဝင်တွေကတော့ အင်ဆူလင်လို့ ကြားလိုက်တာနဲ့ ဆီးချိုအတွက် အရေးကြီးတဲ့အရာမှန်း သိကြမှာပါ။
အင်ဆူလင်ဟာ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ပန်ကရိယ (Pancreas) လို့ခေါ်တဲ့ မုန့်ချိုအိတ်ကနေ ထုတ်လုပ်ပေးပါတယ်။ မုန့်ချိုအိတ်ထဲက Islets of Langerhans ဆိုတဲ့ အစိတ်အပိုင်းမှာရှိတဲ့ Beta Cells တွေကနေ အင်ဆူလင်ကို ထုတ်လုပ်ပေးပြီး အစာစားချိန်မှာ သွေးကြောထဲကို ရောက်လာတဲ့ ဂလူးကို့စ်သကြားတွေကို သိုလှောင်ရာနဲ့ အသုံးပြုရာမှာ ကူညီပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတာပါ။
Beta cells တွေက Proinsulin ဆိုတဲ့ မော်လီကျူးကို အရင်ထုတ်လုပ်ပေးပြီးမှ Insulin (အင်ဆူလင်) နဲ့ C-peptide ဆိုပြီး နှစ်မျိုးထပ်ခွဲပေးပါတယ်။ C-peptide ကို ကြည့်ခြင်းဖြင့် အင်ဆူလင်ပမာဏ ဘယ်လောက်ထုတ်လုပ်နေသလဲဆိုတာကို သိနိုင်ပါတယ်။
အမျိုးအစားနံပါတ် ၁ ဆီးချို (Type-1 Diabetes) ဟာ Beta Cells တွေကို ဖျက်ဆီးခံရပြီး အင်ဆူလင်လုံးဝမထုတ်လုပ်နိုင်တော့တဲ့အတွက် အစာစားခါနီးတိုင်း အင်ဆူလင်ကို ထိုးပေးဖို့လိုအပ်ပါတယ်။
အမျိုးအစားနံပါတ် ၂ ဆီးချို (Type-2 Diabetes) ကတော့ အင်ဆူလင်ကို ထုတ်လုပ်ပေးနိုင်ပေမယ့် ခန္ဓာကိုယ်ဆဲလ်တွေကနေ အင်ဆူလင်ကို တုံ့ပြန်မှုမရှိတော့တာမို့ ခန္ဓာကိုယ်က ဂလူးကိုစ်သကြားတွေကို အသုံးပြုရာမှာ ကူညီနိုင်ဖို့ အင်ဆူလင်ထိုးတာဖြစ်စေ၊ ဆီးချိုကျဆေးသောက်တာဖြစ်စေ လိုအပ်ပါတယ်။
အင်ဆူလင်ဟာ သောက်ဆေးအနေနဲ့ မရှိပါဘူး (သောက်လိုက်ရင် အစာခြေရာမှာ ရောပါသွားမှာပါ)။ ထိုးဆေးအနေနဲ့သာ လာပါတယ်။ အရေပြားအောက်ကို ထိုးလိုက်တဲ့အခါ သွေးကြောထဲကို ရောက်ရှိသွားပြီး သူ့ရဲ့တာဝန်ကို လုပ်ဆောင်ပါတယ်။
အင်ဆူလင်ဆေးဟာ သွေးကြောထဲကို ရောက်ရှိရန်ကြာချိန် (Onset)၊ သူ့ရဲ့ တာဝန်ကို လုပ်ဆောင်နိုင်ချိန် (Duration of Action) တွေပေါ် မူတည်ပြီး အမျိုးအစား အမျိုးမျိုးရှိပါတယ်။
- Rapid-acting Insulin…ဆေးထိုးပြီး ၁၅ မိနစ်အကြာမှာ အာနိသင်စပြပြီး ၂ နာရီကနေ ၄ နာရီထိ အာနိသင်ရှိပါတယ်။
- Regular or Short-acting Insulin… နာရီဝက်အကြာမှာ အာနိသင်စပြီး ၃ နာရီကနေ ၆ နာရီထိ ကြာနိုင်ပါတယ်။
- Intermediate-acting Insulin… ဆေးထိုးပြီး ၂-၄ နာရီအကြာမှာ အာနိသင်စပြီး ၁၂ နာရီကနေ ၁၈ နာရီထိ အာနိသင် ရှိနိုင်ပါတယ်။
- Long-acting Insulin… ဆေးထိုးပြီး နာရီများစွာကြာမှ သွေးကြောထဲရောက်ကာ ၂၄ နာရီကြာတဲ့ထိ သွေးတွင်းသကြားဓာတ်ကို ချပေးနိုင်ပါတယ်။
- Ultra Long-acting Insulin…၆ နာရီအကြာမှာ အာနိသင်စပြီး ၃၆ နာရီကျော်တဲ့ထိ အာနိသင်ရှိပါတယ်။
သွေးတွင်းသကြားဓာတ်အဖြေပေါ်မူတည်ပြီး ဘယ်အမျိုးအစားကို ထိုးရမယ်၊ ဘယ်လောက်ယူနစ် ထိုးရမယ်ဆိုတာကို ဆီးချိုအထူးကုဆရာဝန်က ညွှန်ကြားပေးမှာပါ။
ဆေးပုလင်းပေါ်မှာ ရေးထားတဲ့ 40 IU/ml ဆိုတာက ဆေးရည် ၁ မီလီလီတာမှာ အင်ဆူလင် ၄၀ ယူနစ်ပါရှိတယ်လို့ ဆိုလိုတာဖြစ်ပြီး 100 IU/ml ဆိုရင် ဆေးရည် ၁ မီလီလီတာမှာ ၁၀၀ ယူနစ် ပါဝင်တာပါ။
ဒီလောက်ဆိုရင် အင်ဆူလင်ဟော်မုန်းအကြောင်း သိသင့်သလောက် သိသွားပြီ ထင်ပါတယ်။ အင်ဆူလင်ထိုးနေရတဲ့ ဆီးချိုရောဂါရှင်တွေနဲ့ မိသားစုဝင်တွေ အင်ဆူလင်နဲ့ ပတ်သက်ပြီး အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်